https://www.baya.co/khittamedia/posts/6949သံချပ်ကာကားများပါဝင်သည့် စစ်ကောင်စီတပ်ကို ပုလဲ PDF မိုင်းခွဲတိုက်ခိုက်ရာ စကစတပ်သား ၂၅ ဦးထက်မနည်းသေဆုံး
KTM အောက်တိုဘာ ၃
စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်တွင် စစ်ကောင်စီတပ် စစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား၂၅ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့(Pale- PDF) က ယနေ့ သတင်းထုတ်ပြန်ထားပါသည်။
နံနက် ၈ နာရီအချိန်တွင် ပုလဲမြို့နှင့် ၁၃ မိုင်ခန့်အကွာရှိ ဝန်းပြင်ရွာအနီးတွင် မုံရွာဘက်မှ ပုလဲဘက်သို့ ချီတက်လာသည့် သံချပ်ကားနှစ်စီးပါယာဉ်တန်းကို ပုလဲ PDF တပ်ရင်း(၁)မှ နှစ်ကြိမ် မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်ပါသည်။
"သတင်းကြိုရလို့ ကျွန်တော်တို့် မိုင်း၁၆လုံးတန်းကို ကြိုထောင်ထားခဲ့တာ၊ ကားတွေရော၊ ဆိုင်ကယ်တွေရော အများကြီးလာကြတာ။ သူတို့ရောက်လာတဲ့အချိန်မှာ ခွဲချလိုက်တယ်။ အဲ့ဒီမှာ စစ်ခွေးတွေ တော်တော်များများကျသွားတယ်။ ကျွန်တော်တို့နောက်ကို လိုက်ပစ်တဲ့ အဖွဲ့ကိုလည်း နေရာကောင်းကနေ ပြန်ပစ်တာ တော်တော်ကျသွားတယ်လို့ ပြောပါသည်။
လက်နက်ရလို့ရငြား ပြန်ရှာတာ သူတို့အကုန်ပြန်သယ်သွားတယ်။ သွေးကွက်တွေပဲ ကျန်နေခဲ့တယ်" ဟု ပုလဲမြို့နယ်ပြည်သူကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်နဂါးက ပြောပါသည်။
မိုင်းကွဲပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီး လက်နက်ငယ်များဖြင့် PDF များကို လိုက်လံပစ်ခတ်ရာ ခုခံတိုက်ပွဲ နှစ်ကြိမ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ထို့အပြင် ဝန်းပြင်ရွာအတွင်း ရမ်းကားပစ်ခတ်မှုများလုပ်သွားကြသည်ဟု ဆိုပါသည်။
" ကျွန်တော်တို့ကြောင့် ရွာကို မဆိုင်ဘဲ ဝင်မွှေတယ်။ ရွာက လူတွေကိုလည်း တောင်းပန်ပါတယ်။ ပြည်သူလူထုရဲ့ လွတ်မြောက်ရေးအတွက် လုပ်နေတာဖြစ်တဲ့အတွက် အထိအခိုက်တွေရှိတာကို နားလည်ပေးဖို့ ပြောချင်ပါတယ်" ဟု ဗိုလ်နဂါးကပြောပါသည်။