Updated on Thu, Sep 16 2021
မြင်းခြံတွင် အင်တာနက်ဖြတ်ပြီးနောက် ကျေးရွာများကို စစ်ကောင်စီတပ်များ ဝင်စီးပြီး ပြည်သူများကို အကြမ်းဖက် ရိုက်နှက် ညှဉ်းပန်း ဖမ်းဆီးနေလျှက်ရှိ
KTM စက်တင်ဘာ ၁၆
မန္တလေး၊ မြင်းခြံခရိုင်တွင် အကြမ်းဖက် စစ်ကောင်စီတပ်များက အင်တာနက်များဖြတ်တောက်ပြီးနောက ကျေးရွာများကို ဝင်ရောက်စီးနင်းပြီး ပြည်သူများကို အကြမ်း ဖက် ညှဉ်းပန်း ရိုက်နှက် ဖမ်းဆီးမှု များ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြပါသည်။
မန္တလေးတိုင်း မြင်းခြံခရိုင် ထိန်ပန်း၊ ယုန်ထိုး ကျေးရွာများကို အကြမ်းဖက်စစ်ကောင်စီတပ်များက စက်တင်ဘာလ ၁၅ ရက်နေ့မှစတင်၍ ဝင်ရောက်စီးနင်းထားကြောင်း၊ ထိန်ပန်းကျေးရွာတွင် တပ်စွဲပြီး ကျေးရွာသူ ကျေးရွာသားများကို ဖမ်းဆီးနှိပ်စက် နေကြောင်း၊ အဓိက အားဖြင့် ပြည်သူ့ကာကွယ်ရေးတပ် PDF များကို ထုတ်ပေးမည်ဟုဆိုကာ ကျေးရွာသားမျာကို ညှဉ်းပန်းနှိပ်စက် နေခြင်းဖြစ်တယ်လို့ ပြောဆိုကြပါသည်။
"ထိန်ပန်းကျေးရွာတွင် တပ်ကိုအထိုင်ချပြီး PDF များကို ထုတ်မပြောမချင်း တွေ့တဲ့သူကို ဖမ်းဆီးနှိပ်စက်နေပါတယ်။ ညီမတို့လည်း ဘယ်မှမသွားရဲ မထွက်ရဲကြဘဲ ရွာထဲက အိမ်တွေမှာ စုပြီးပုန်းနေကြရပါတယ်။ ဒီမနက်ကလည်း ရွာသားအချို့ကို တွေ့သွားပြီး ထပ်ဖမ်းသွားပါတယ်။ ယုန်ထိုးတောင် မှာလည်း တပ်အထိုင်ချပြီး တောနင်းက တော်လှန်ရေးသမားတွေကို အပြတ်ချေမှုန်းမယ်လို့ ကြိမ်းထားပါတယ်။ အခြေအနေတွေ တခြားအဖွဲ့များ သိရှိပြီး အဖိခံနေရတဲ့ ရွာတွေအတွက် ကူပေးနိုင်ဖို့ အကူအညီတောင်းတာပါ။ ထိန်ပန်ကျေးရွာ၊ယုန်ထိုးတောင်ကြားရှိ ရွာတွေကိုလည်း ကားတွေဖြင့်အမြဲပတ်ဝင်ရောက်စီးနင်းနေပါတယ်" ဟု ဒေသခံတစ်ဦးက ပြောဆိုကြပါသည်။
စက်တင်ဘာလ ၁၅ ရက်နေ့ညပိုင်းတွင် စစ်ကောင်စီတပ်များသည် ရွာသစ်ရွာတွင် တပ်စွဲပြီး ထိန်ပန်းကျေးရွာသို့ ကား ၆ စီးဖြင့် ဝင်ရောက်စီးနင်းကာ ရွာသား ၂၀ကျော်ထက်မနည်းကို အကြမ်းဖက် ရိုက်နှက်ဖမ်းဆီးသွားကြောင်း ဒေသခံများထံမှ သိရှိရပါသည်။